ဒလမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများအား တရားမဝင်လူမှောင်ခိုလူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုအစရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဒလ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသော အမျိုးသမီးများအား တရားမဝင်လူမှောင်ခိုလူကုန်ကူးမှု၊  သက်ငယ်မုဒိန်းမှူ၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုအစရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် () နာရီခွဲ အချိန်က အ.ထ.က(၁) ယုဇန ခန်းမ၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ဒလမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦး‌ရွှေလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှု ပြဿနာတွေဟာ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာ သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ရင်ဆိုင်ကြုံတွေ့ နေရဆဲဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်တွေကိုငွေကြေးနှင့် သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းတွေလိမ်ညာခိုင်းစေခြင်း၊ ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသူတွေကို အခြားနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်စေခြင်းစသော လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်တွေများစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုတာ တကယ်တော့ လူ့အသိုက်အဝန်းကို  ဆုတ်ယုတ်ပျက်စီးစေကြောင်း၊ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့် လူကုန်ကူးမှုကိုတိုက်ဖျက်ဖို့ရာ  လူတစ်ဦးချင်းကရော၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကရော  ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် ကမ္ဘာ့နိုင်ငံအားလုံးကပါ ပါဝင်ဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့ပြီး ဒလမြို့မ ရဲစခန်းမှ ဒုရဲအုပ် အောင်အောင်နိုင်က အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများမှ ကာကွယ်ရေး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်သက်ပွင့်ကျော်မှ သက်ငယ်မုဒိန်းမှုမှ ကာကွယ်စောင့်ရှောက်ရေး စသည့် ခေါင်းစဥ်များဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဆန်းစစ်မေးခွန်းများ မေးမြန်းပြီး ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်()နှင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့သည်။

ခင်စန္ဒာမြင့် (ပြန်ဆက်)