မဟာအောင်မြေ နိုဝင်ဘာ ၃၀
မန္တလေးမြို့၊ ဆေးတက္ကသိုလ်၌ ဆေးတက္ကသိုလ်များနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၊ Naypyitaw state Academy Faculty of Medicine တို့မှ ဆေးပညာပထမနှစ်သင်တန်းများ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက တစ်နိုင်ငံလုံး zoom ဖြင့် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျောင်းသား၊ သူများအနေဖြင့် အဖွင့်အမှာစကား ပြောကြားရာတွင် ဆေးပညာဘွဲရပြီးနောက် နိုင်ငံတော်အား ပြန်လည်အလုပ်အကျွေးပြု တာဝန်ထမ်းဆောင်ပေးရန် စသည်များ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက လူ့အသက်နှင့်ပတ်သတ်သည့် ထူးခြားသောပညာရပ်နယ်ပယ်ဖြစ်သောကြောင့် ဆေးပညာရှင်တစ်ဦး၏ ကျင့်ဝတ်များနှင့်တကွ ဆေးပညာရည် ပြည့်ဝကျွမ်းကျင်စေရန် ဘဝတစ်သက်တာ စဥ်ဆက်မပြတ် အားထုတ်ဖြည့်ဆည်းနေရန် အရေးကြီးကြောင်း စသည့်များအား ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ဆေးတက္ကသိုလ် (မန္တလေး) zoom ဖြင့် ကျင်းပသည့် အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်မှ ဆေးတက္ကသိုလ် (မန္တလေး) သို့ ဆေးပညာပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပညာရေးကိုဂရုတစိုက် လေ့လာသင်ယူသင့်ကြောင်း၊ ကျန်းမာရေးကို အထူးဂရုပြုနေထိုင်သင့်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာပြီး ဆိုင်ကယ်ဦးထုပ်ဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆေးတက္ကသိုလ် (မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမျိုးသက်တင်နှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ သူများ စုစုပေါင်း (၄၀၀) ဦး ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း