အလုံ​မြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

အလုံ နိုဝင်ဘာ ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်​​​နေ့နံနက် (၁၀) နာရီက အလုံမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာ​ရေးမှူး ဒေါ်ခင်မျိုးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေး သူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်ကျန်းမာ​​ရေးခေါင်းစဥ်ဖြင့် GRADE–10 မှ မချစ်စုဇော်၊ လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် GRADE–9 မှ မသဥ္ဇာဝင်းလက်၊ လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့် GRADE-9 မှ မောင်​ဇေယျာလင်းထက်၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် GRADE–10 မှ မအင်ကြင်ဖြူ၊ လူငယ်နှင့်မူးယစ် ဆေးဝါးခေါင်းစဥ်ဖြင့် GRADE–11 မှ မသန္တာခိုင်တို့က ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့က ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများ​ကို မေတ္တာလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ယောဧရာ(ပြန်/ဆက်)