ကျောက်ဆည် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်းဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ ကွင်းအမှတ် (၂၂၅/ဃ)၊ ဦးပိုင်အမှတ်(၂၄) သမဝါယမအသင်းသား တောင်သူဦးကျော်လင်း၏ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာစိုက်ခင်းအား ရှရှားနိုင်ငံထုတ် ရွက်ဖျန်းမြေဩဇာဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲ အခမ်းအနားသို့ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသည် ဝါသီးနှံများ စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအနေဖြင့် လုံလောက်သောမြေရရှိရေးနှင့် ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များရွေးချယ်၍ စိုက်နည်းစနစ် မှန်ကန်စွာဖြင့် လိုအပ်သည့်အချိန်များတွင် သွင်းအားစုများထည့်သွင်းအသုံးပြုစေရေးအမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ ရွှေနေကြာသမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ၎င်းစိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး(၁)နေကြာမျိုးသည် သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြစ်၍ နေကြာ(၁)ဧကတွင် အထွက်နှုန်း(၆၅)တင်း ထွက်ရှိကြောင်းနှင့် ၎င်းစိုက်ပျိုးခဲ့သည့် သိပွံနည်းကျ စိုက်နည်းစနစ်များအကြောင်း ဆွေးနွေးပြောကြားခဲ့ရာအခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆောင်းနေကြာစိုက်ခင်းအား ရှရှားနိုင်ငံထုတ် ရွက်ဖျန်းမြေဩဇာဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲ ဆက်လက်ပြုလုပ်ခဲ့ရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ ဆောင်းနေကြာ စိုက်ပျိုးသည့် သမဝါယမအသင်းတောင်သူ (၈၀)ဦး တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ရှရှားရွက်ဖျန်းမြေဩဇာ သုံးစွဲခြင်းဖြင့် ဝါသီးနှံများ အပင်ပေါက်အားကောင်းစေခြင်း၊ အစေ့အဆန်အောင်မြင် ခြင်း၊ အပင်ကြီးထွားမှုနှင့် အမြစ်ဖြစ်ထွန်းမှု အားကောင်းခြင်း၊ အပင်အစာချက်လုပ်မှုဖြစ်စဉ် အားကောင်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ သီးနှံအတွက်လိုအပ်သည့် အဟာရဓာတ်များ တိုးမြင့်စေ ခြင်း၊ ယခင်အသုံးပြုထားသည့် မလိုအပ်သည့် ဓာတ်ကြွင်းများ ချေဖျက်ပေးခြင်း စသည့်အကျိုးကျေးဇူး များ ခံစားရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်