ပြင်ဦးလွင်မြို့နယ် တန်ခူးခင်ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြော‌ ဆွေး‌နွေးပွဲကျင်းပ

ပြင်ဦးလွင် နို၀င်ဘာ ၂၈

လူငယ်ကဏ္ဍကို မြှင့်တင်‌‌ဆောင်ရွက်စေရန်နှင့် လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောဆွေးနွေးပွဲကို ယနေ့‌ နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် တန်ခူးခင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာရှေးဦးစွာ တန်ခူးခင်ကိုယ်ပိုင်အထက်တန်း‌ကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြင်ဦးလွင်ခရိုင်ဥက္ကဌ ဗိုလ်မှူးမျိုးမင်းက“လူငယ်နှင့်ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Women Club အသင်းဥက္ကဋ္ဌ ဒေါ်ကြူကြူက “သက်ငယ်စကားသက်ကြီးကြား” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းနှင့်သတင်းစာအသင်း(ပြင်ဦးလွင်)ဥက္ကဋ္ဌ ဒေါ်အေဇင်မေက “ကိုယ့်အလုပ် ကိုယ်လုပ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာကိုရွှေအောင်သင်းက “ဘ၀လှဖို့ စာဖတ်စို့”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောချက်များနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက  မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မေးမြန်းချက်များအား ပြန်လည်‌ဖြေကြား‌ပေးခဲ့‌သော ကျောင်းသား/ကျောင်းသူများ အား မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာ၀န်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး‌နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် တန်ခူးခင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသ‌ပေးခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)