မြစ်သားမြို့နယ်တွင် ဝါးလက်ဖြင့် ဝါးဝန်းရံယက်လုပ်ငန်း ရောင်းချသူများ နေ့စဥ်ဝင်ငွေ ရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေ

မြစ်သား နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဝါးလက်ဖြင့် ဝါးဝန်းရံ တစ်ပိုင်တစ်နိုင် ယက်လုပ်ငန်းရောင်းချသူများ နေ့စဥ်ဝင်ငွေ ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်း  ဝါးအမျိုးအစား အမျိုးမျိုးရှိပြီး ယခုအခါ ဝါးဝန်းရံယက်လုပ်ရာတွင် ဝါးလက်အမျိုးအစားကိုသာ အဓိကသုံးစွဲကြပြီး အမြင့်(၅)ပေ၊ အလျား(၁၂)ပေ ဝါးဝန်းရံတစ်ချပ် ယက်လုပ်မည့်ဆိုပါက ဝါးလက်ဝါး(၈)လုံး အသုံးပြုရကြောင်း၊ ကုန်ကျမှုအနေဖြင့် လုပ်အားခ အပါအဝင် ငွေကျပ်(၁၅၀၀၀ိ/)ကျပ် ကုန်ကျပြီး ပြန်လည်ရောင်းချပါက ငွေကျပ် (၁၇၀၀၀ိ/)ကျပ် ရရှိကြောင်း သိရသည်။ ဝါးလက်ဖြင့်ဝါးဝန်းရံများယက်လုပ်ရောင်းချပါက ရောင်းစျေးပို၍ ရရှိသဖြင့် ဝင်ငွေပို၍ ရရှိပြီးဝါးလက်ဖြင့်ဝါးဝန်ရံယက်လုပ်ရောင်းချသူ ပေါက်မြိုင်စံပြကျေးရွာ ထွန်းတောက်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဦးမောင်ပုထံမှ သိရသည်။ ဒေသတွင်ဝါးဖြင့် ပြုလုပ်သည့် ဝါး ထရံ၊ ဝါးကပ်၊ ကုလားထိုင်၊ဝါးဝန်းရံ၊ခြံစည်းရိုးအကာ စသည့်ပစ္စည်းများကို ဝါးလက်ဖြင့်အသုံးပြုလျက်ရှိပြီး ရေရှည်ခိုင်ခန့်စေရန်အတွက် ဝါးများအားရေဝအောင် စိမ်ထားရကြောင်း၊ ရေမစိမ်သည့် ဝါးများဖြင့် ယက်လုပ်ပါက ဝါးပိုးများထိုးပြီး ရေရှည်ခိုင်ခန့်မှု မရှိကြောင်း၊  ဝါးဝန်ရံဝယ်ယူများအနေဖြင့် ရေစိမ်ဝါးဖြင့် ယက်လုပ်သည့် ဝါးဝန်းရံများကို ဒေသခံပြည်သူများက ပိုမိုကြိုက်နှစ်သက်ကြကြောင်းနှင့် ဝါးဝန်ရံယက်လုပ်မည်ဆိုပါက ရေစိမ်ဝါးရောင်းချသူများထံမှ အများဆုံးဝယ်ယူပြီး ဝါးဝန်ရံယက်လုပ် ရောင်းချကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)