ကျိုင်းတုံ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် မိုင်းအခြေခံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကို ယနေ့က ကျိုင်းတုံမြို့၊ အမှတ်(၁) ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး (ယာယီ)ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်က သင်တန်းသားတပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းက ပို့ချလေ့ကျင့်ပေးသည့် မိုင်းအခြေခံအချက်အလက်များကိုသိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် ၃၀ ဦး တက်ရောက်ပြီး နိုဝင်ဘာ ၁၈ ရက်မှ ၂၉ ရက်အထိ မိုင်းအန္တရာယ်အခြေခံသဘောတရားများနှင့် မိုင်းအန္တရာယ်ကာကွယ်ရေး ပစ္စည်းများ ကိုင်တွယ်အသုံးပြုတတ်စေရန် လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)