နေပြည်တော် နိုဝင်ဘာ ၂၉
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နေပြည်တော်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင်ကျင်းပရာ နေပြည်တော်မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ တတ်ရောက်ကြသည်။
ဦးစွာ နေပြည်တော်မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား အကြိုလုပ်ရှားမှု အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နေပြည်တော်မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက်အလှူရှင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြိုင်ပွဲဝင်ကလေးများအား ဆုချီးမြှင့်အားပေးနိုင်ရေးဆောင်ရွက်ပေးစေလိုကြောင်း၊ ခရိုင်/မြို့နယ်အလိုက် ပါဝင်ယှဉ်ပြိုင်မည့် အားကစားအမျိုးအစားနှင့် ယှဉ်ပြိုင်မည့် မသန်စွမ်းသူများနှင့်ပတ်သက်သည့်ကိစ္စများ ကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ယခင်နှစ်ပြိုင်ပွဲများအတိုင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၄ ခုနစ်၊ အပြည်ပြည်ဆိုင်ရာ မသန်းစွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ Amplifying the Leadership of persons With Disabilities For an Inclusive and Sustainable Furture” “ အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဆိုသည့်အတိုင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မသန်စွမ်းသူများကိုစုစည်းကာ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားနည်းများများဖြင့် အကြိုလှုပ်ရှားမှုများကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာဆွေက အကြိုလုပ်ရှားမှု အစီအစဉ်များအား ရှင်းလင်းတင်ပြဆွေးနွေးပါသည်။
ယင်းနောက် နေပြည်တော်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်သီတာထွန်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးသည်။
ထို့နောက် တတ်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြိုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစား ကွင်းတွင် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အောင်သူရဦး(ပြန်/ဆက်)