မိုင်းယန်း နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ၌ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ သတ်မှတ်ထားရှိသော (ကျွဲခတ်ကွင်း)၌ ကျင်းပရာ ရပ်နီးရပ်ဝေးမှလာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်သို့ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြပြီး မိမိတို့ယှဉ်ပြိုင်လိုသော ကျွဲများကို ကွင်းအတွင်းသို့ ခေါ်ဆောင်လာကာ တစ်ကောင်နှင့်တစ်ကောင် ခေါင်းချင်းဆိုင်တိုက်ခိုက်စေပါသည်။ ပြိုင်ပွဲဝင်ကျွဲနှစ်ကောင်အား သတ်မှတ်ထားသည့်နေရာများမှ တာထွက်စေပြီး အရှိန်အဟုန်ဖြင့် တိုက်ခိုက်ဝေ့ရမ်းကြပြီး ခွန်အားကြီးမားသည့် ကျွဲနှစ်ကောင်တိုက်ခိုက်နေရင်း သတ်မှတ်ထားသည့် ကွင်းစည်းအတွင်းမှ ထွက်ပြေးသောကျွဲအား အရှုံးအဖြစ်သတ်မှတ်၍ အနိုင်ရရှိသောကျွဲများကို သက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲများမှ ဆုများချီးမြှင့်ပေးခြင်းဖြစ်သည်။ ရှမ်းရိုးရာ ဓလေ့ကျွဲခတ်ပြိုင်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာတွင် ကျွဲမင်းကြီး၏ရာဇဝင်မပျောက်ပျက်အောင် ကျွဲမင်းကြီးနေထိုင်သော ဂူတွင် ကျွဲမင်းရုပ်တုကြီးနှင့်အတူ စေတီတစ်ဆူဇရပ်တစ်ဆောင် တည်ဆောက်ကာ ထိန်းသိမ်းထားရှိပြီး ကျွဲခတ်ပြိုင်ပွဲတော်ကို နှစ်စဥ်ထုံးတမ်းအစဉ်အလာအရ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်းသိရသည်။
ထိုရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်သို့ စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မိုင်းယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွဲဖြစ်မြောက်ရေးကော်မတီရပ်မိရပ်ဖများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး