ကျောက်ဆည် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မိုးနှောင်းသီးနှံများ စိုက်ပျိုးရာတွင် ထယ်ရေးနက်နက်နှင့် ညက်ညက်ရရှိအောင် ပြုလုပ်၍ အချိန်မီစိုက်ပျိုးနိုင်ရေး မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒွေးလှကျေးရွာ တောင်သူဦးနေဝင်း၏ ကွင်းအမှတ်(၃၃၇)၊ ဦးပိုင်(၁၄၅) စိုက်ပျိုးမြေ(၂)ဧကတွင် ရေဆင်းစပ်မျိုး(၁) မိုးနှောင်းနေကြာသီးနှံ စိုက်ပျိုးရန် မြေပြုပြင်စိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးနှောင်းနေကြာများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်ပြီးရောဂါဒဏ်ခံနိုင်သည့် ရောဂါကင်းသော မျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး မစိုက်ပျိုးမီ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးဖြင့်လူးနယ်ခြင်း၊ မြေတွင်းမှိုရောဂါများ ကာကွယ် နှိမ်နှင်းရန်အတွက် ထရိုင်ဂိုဒါးများမှိုသတ်ဆေးကို မြေပြင်သည့်အချိန်တွင် ထည့်သွင်းခြင်း ပြုလုပ်၍ သိပ္ပံနည်းကျစနစ်ဖြင့် မြေအစိုဓာတ် လုံလောက်ချိန်တွင် တစ်ဧကသတ်မှတ်အပင်ရေ ဝင်ဆန့်မှုရှိစေရန် မျိုးစေ့(၄)ပြည် အသုံးပြု၍စိုက်ပျိုးကြောင်း၊ အပင်သက်တမ်း (၁၅)ရက်တွင် တစ်ပင်နှင့်တစ်ပင် သတ်မှတ်အကွာအဝေးအတိုင်း ချန်လှပ်ပြီး သားခွဲခြင်းများ ပြုလုပ်ပေးကြောင်း၊ လိုအပ်သည့်အချိန်တွင် ကြားထွန်လိုက်ခြင်း၊ ပေါင်းပေါက်၍ မြေဆွခြင်းများ၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးခြင်း၊ အဖူးစတင်ဝင်ချိန်တွင် အပင်အနေအထားအား ကြည့်ရှု၍ ယူရီးယားမြေဩဇာများ လိုအပ်သလို ထည့်သွင်းစိုက်ပျိုးကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။
နေကြာသီးနှံများတွင် ပုရစ်၊ ကြက်သွန်လှေးပိုး၊ ပျပိုး၊ ဖြုတ်စိမ်းပိုး၊ နေကြာသီးလုံးဖောက်ပိုး၊ ငမောင်တောင်၊ ပင်ဖြတ်ပိုး စသည့် ဖျက်ပိုးများ ကျရောက်တတ်သည့်အတွက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထယ်စက်၊ထွန်စက်များဖြင့် အချိန်တိုအတွင်း ထယ်ရေးနက်နက်နှင့် ညက်ညက်ရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားများအလိုက် ကာကွယ်နှိမ်နင်းခြင်း နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)