အဲယားကွန်း ပြုပြင်တပ်ဆင်ခြင်းသင်တန်းဆင်းပွဲနှင့် အခြေခံဂဟေဆက်သင်တန်းဖွင့်ပွဲပြုလုပ်

ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း (၁၃၉)လမ်းမကြီးပေါ်လမ်းအမှတ် ၄၇ နှင့် ၄၈ ကြားရှိ အလုပ်သမားညွှန်ကြားမှုဦးးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင်ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော အဲယားကွန်းပြုပြင်တပ်ဆင်ခြင်း သင်တန်းဆင်းပွဲနှင့် အခြေခံဂဟေဆက်သင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။

ဦးစွာမန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက သင်တန်းဆင်းပွဲနှင့် သင်တန်းဖွင့်ပွဲများအတွက် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်များကို လူမှုရေးရာဝန်ကြီးကပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အလုပ်ခန့်အပ်ပေးသော အဲကိုင်နပ်တစ်စစ်စတမ် ကုမ္ပဏီလီမီတက်လုပ်ငန်းရှင် ဦးအောင်ကျော်စိုးထံ ပြည်ကြီးတံခွန်မြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အလုပ်ခန့်အပ်လွှာများကိုပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင်လူမှုရေးရာဝန်ကြီးက သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သင်ကြားရေးလုပ်ငန်းခွင်အတွင်းလှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ယခုအခြေခံဂဟေဆက်သင်တန်းကိုလည်း မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက တိုင်းဒေသကြီးဘက်ဂျက်ရန်ပုံငွေဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား ၂၀ ဦးကို တစ်လကြာ ကျွမ်းကျင်ဆရာများနှင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးသီဟ(အမရ)