နမ့်စန်(တ) နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက အမှတ် (၂) ရပ်ကွက်ရှိ K9 ဘိလိယက်ခုံတွင် ကျင်းပခဲ့သည်။
အကြီးတန်းနောက်ဆုံးဗိုလ်လုပွဲအဖြစ် ပင်လုံမြို့မှ ဦးဇော်အောင်နှင့် နမ့်စန်မြို့မှ ဦးသောမတ်စ်တို့ယှဉ်ပြိုင်ခဲ့ရာ ဦးသောမတ်စ်က ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရခဲ့သည်။
ထို့နောက် ဆုပေးပွဲကို ကျင်းပရာ အငယ်တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဦးစိုင်းမျိုးဇော်အား မြို့နယ်အခွန်ဦးစီးမှူး ဦးဘဲရယ်က ဒုတိယဆုတံဆိပ်နှင့် ဆုငွေချီးမြှင့်ပေးအပ်ခဲ့ပြီး အကြီးတန်းပြိုင်ပွဲတွင် ဒုတိယရရှိသော ဦးဇော်အောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဟန်က ဒုတိယဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အငယ်တန်းပြိုင်ပွဲတွင် ပထမရရှိသော ဦးကျော်ဇေယျအား R-one ကားဘော်ဒီ ဆေးနှင့် ကားအပိုပစ္စည်းအရောင်းဆိုင် ပိုင်ရှင် ဦးလှိုင်ဘိုဘိုဟိန်းက ဆုငွေ ၅ သိန်းကျပ်နှင့် ပထမဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အကြီးတန်းပြိုင်ပွဲတွင် ပထမရရှိသော ဦးသောမတ်စ်အား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက ဆုငွေ ၅ သိန်းကျပ်နှင့် ပထမဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘိလိယက်နှင့် စနူကာပြိုင်ပွဲ(အကြီးတန်းနှင့် အငယ်တန်း)ကို နမ့်စန်၊ လွိုင်လင်နှင့် ပင်လုံမြို့တို့မှ ကစားသမား စုစုပေါင်း ၃၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
သူရအောင်(နမ့်စန်)