မော်လမြိုင် နိုဝင်ဘာ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂ဝ၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် စိန်ခေါ်မှုတစ်ရပ်အဖြစ်တည်ရှိနေပြီး အမျိုးသမီးတစ်ယောက် အကြမ်းဖက်ခံရပြီဆိုပါက အကြမ်းဖက်မှုကျူးလွန်ခံရသူကိုသာမက သူမ၏ မိသားစုအပေါ်မှာကော၊ ရပ်ရွာလူ့အဖွဲ့အစည်းအပေါ်မှာကော ဆိုးရွားသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ လုံခြုံရေးအတွက် ယာယီနားခိုရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်နဲ့ အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ တရားဥပဒေအကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်အနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် မော်လမြိုင်မြို့မှာ One Stop Women Support Center (OSWSC)ကို ဖွင့်လှစ်ထားရှိပြီး အမျိုးသမီးများရဲ့ ဘဝလုံခြုံမှုနှင့် သက်မွေးဝမ်းကျောင်း ပညာတတ်မြောက်ရေးအတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးစတဲ့ ကဏ္ဍအသီးသီးမှာ လူအင်အား၊ ငွေအင်အား၊ အသိဉာဏ်ပညာ အားတွေနဲ့ စွမ်းဆောင်နိုင်သရွေ့ ပိုမိုမြှင့်တင်ဖော်ဆောင်ပေးသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Video Clip အား ပြသနေမှုကိုလည်းကောင်း၊ နွေးထွေးသော ရင်ခွင်အဖွဲ့မှ “ဆေးရောင်မလှခဲ့သောပန်းချီ” ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ခန်းမအတွင်း ခင်းကျင်းပြထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)