ပြင်ဦးလွင် နို၀င်ဘာ ၂၈
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ၀က်ဝံအခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၏ ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ၀က်ဝံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်ရွှေနှင့် ၀က်ဝံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒါလီမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀ါ၀ါလွင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀ါ၀ါလွင်က Moderator အဖြစ် ဆောင်ရွက်ပြီး ၀က်ဝံအခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်မိုးအာကာဟိန်းက “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြူစင်နေအောင်က“လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလှယမင်းက “လူငယ်နှင့်ကိုယ်ကျင့်တရား”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မအိအိနိုင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းရွှေရည်က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးမျိုးမင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်မြင့်၊ အဖွဲ့၀င် ဒေါ်နန်းဆိုဖီယာနှင့် Women Club မှ ဒေါ်ကြူကြူတို့က ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ပြီး လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ၀က်ဝံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်းနှင့် သုတ၊ ရသစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးခဲ့ကြသည်။ အဆိုပါလူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၀က်ဝံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)