ကျောက်ဆည် နိုဝင်ဘာ ၂၈
ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ Grade-10 ကျောင်းသူ မမြင့်မိုရ်ခန့်က “သဘာဝဘေးကြိုတင်တွေး”၊ Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ထက်ဦးလှိုင်က “မှတ်သားစရာနည်းပညာ”၊ မောင်ဟိန်းထွဋ်ဇော်က “လူငယ်နှင့်ယဉ်ကျေးမှု”၊ မချောစုအောင်က “ဘဝတွက်တာစာပေပညာ”၊ မစိုးမြတ်စံက “စာကြည့်တိုက်အကြောင်းသိကောင်းစရာ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှု” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)