သုံးခွမြို့နယ်တွင် ရပ်ကွက်နေပြည်သူများအား ကြက်ဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

သုံးခွ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမှတ်(၁)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ မြို့နယ်အားကစားခန်းမရှေ့နှင့် အမှတ်(၁၁)ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ မြို့မစျေးရှေ့တို့တွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

ယင်းသို့ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် အများပြည်သူများ သက်သာချောင်ချိရေးအတွက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်၊၊

ထိုသို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံးလျှင် (၃၈၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ (၅၀၀၀) အား ဈေးနှုန်းချိုသာစွာ ရောင်းချပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

စည်သူလင်း (ပြန်/ဆက်)