ချောင်းဆုံ နိုဝင်ဘာ ၂၈
ချောင်းဆုံမြို့နယ်၌ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် (IOM)အဖွဲ့တို့ ပူးပေါင်း၍ နယ်ကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အခမဲ့လူနာရှာဖွေကုသခြင်းများကို နိုဝင်ဘာ (၁၈) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈) ရက်နေ့က ဒရယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် လူနာရှာဖွေကုသခြင်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ ကျေးလက်နေပြည်သူများ ကောင်းမွန်ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန်အတွက် ခေတ်မီဒစ်ဂျစ်တယ်ဓါတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း ရောဂါများ၊ တီဘီရောဂါများ၊ သွေးတိုး၊ ဆီးချိုစသည့် ရောဂါများကို အခမဲ့စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သော ကုသရေးအစီအစဉ်များ လမ်းညွှန်ပေးခဲ့ကြကြောင်း နိုဝင်ဘာ (၂၇) ရက်နေ့အထိ လူနာဦးရေ(၁၀၀၀)ကျော်ကို အခမဲ့ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် လူနာရှာဖွေကုသခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း(၁၀)ရက်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကျော်