ရန်ကုန်တိုင်းဒေသကြီး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုလျှောက်ထားခဲ့သည့်  အထက်တန်းအဆင့် ကျောင်း(၁၅)ကျောင်း၊ အလယ်တန်းအဆင့် ကျောင်း(၇)ကျောင်းနှင့် မူလတန်းအဆင့် ကျောင်း(၁၂)ကျောင်း စုစုပေါင်း ကျောင်း(၃၄)ကျောင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် စမ်း‌‌ချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာချိုချိုမြတ်အောင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ခိုင်စိုးတို့က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း စုစုပေါင်း (၃၄) ကျောင်းအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် စုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အ.ထ.က (၂) စမ်းချောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့‌ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)