ပင်းတယ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုပြည်နယ်ရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုရည်မှန်းချက် အဆိုပြုချက်များ ရေးဆွဲတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းအသစ်များနဲ့ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဌာနများနဲ့ ဒေသနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီများမှ ညှိနှိုင်းအတည်ပြုပြီး ဦးစားပေးရွေးချယ်နိုင်ရေးအတွက် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကအမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရန်၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတိုးတက်စေရေး၊ အနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အာကစားကဏ္ဍမြှင့်တင်ရေး၊ အားကစားဆိုင်ရာအခြေခံအဆောက်အအုံ တိုးတက်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်စီမံကိန်းလုပ်ငန်းများကိုလည်း အောင်မြင်အောင် အင်တိုက်အားတိုက် ဆောင်ရွက်ရမှာဖြစ်သလို နိုင်ငံတော်က ရည်မှန်းထားတဲ့ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရေးအတွက် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ်ခံယူကာ အလေးအနက်ခံယူပြီး ဌာနဆိုင်ရာများက ဟန်ချက်ညီညီ အချိတ်ဆက်မိမိ ပူးပေါင်းပြီး တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးဖို့စသည်ဖြင့် ပြောကြားပေးသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းရန် အဆိုပြုချက်များရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လုပ်ငန်းလိုအပ်ချက်များကို ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)