နောင်တရား နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး၌ ဆောင်သီးနှံများဖြစ်သည့် နေကြာ၊ ပန်းနမ်း၊ ဆီမုံညှင်း စသည့် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
နောင်တရားမြို့ ပတ်ဝန်းကျင်ကျေးရွာများတွင် ဆီထွက်သီးနှံများကို အာလူးစိုက်ပျိုးပြီးချိန်တွင် ကျဲပတ်ခြင်းနှင့် အခြားဆီထွက်သီးနှံများကိုလည်း ဆောင်းသီးနှံအဖြစ်စိုက်ပျိုးကြသည်။ “ဆီမုံညှင်းကို မိုးကြိုအာလူးတူးဖော်ပြီးချိန်မှာ ရောပြီးကျဲပတ်တာပါ ဆီထွက်သီးနှံတွေက မိုးလည်းအရမ်းမလိုဘူးဆိုတော့ အဆင်ပြေပါတယ် ဆီမုံညှင်းတစ်ဧကကို ဆီကျိတ်ရင် အနည်းဆုံး ဆီ ၁၀ ပိဿာဗူး ခြောက်ဗူးကနေ ဆယ်ဗူးထိ ရပါတယ်။ အခြားသွင်းအား စုတွေသိပ်မလိုတော့ စိုက်ပျိုးရေးကုန်ကျစရိတ်သက်သာပါတယ် ထွက်လာတဲ့ ဆီတွေကို ရောင်းချတာမျိုးတော့မဟုတ်ဘူး အိမ်သုံးတာပါ”ဟု ဆီမုံညှင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
နောင်တရားဒေသ ပတ်ဝန်းကျင်ကျေးရွာများတွင် ဆီထွက်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးခြင်းမရှိသော်လည်း ဆီထွက်သီးနှံများကို ယခုနှစ်အတွင်း တိုးလာကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)