ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၈   

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်၊ ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ လူထုစိန်ဝင်း ရေးသားထားသည့် “လမ်းဖောက်သူဖြစ်ပါစေ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးသည်။

ထို့နောက် စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)၊ စာရေးဆရာ၊ ဆရာမများဖြစ်သည့် မေချို (ပျဉ်းမနား)၊ အိုင်ပီမျိုးအောင်၊ ရွှေပြည်စိုး(မိုးကုတ်)၊ မောင်လေပြေ(တောင်တွင်း)၊ ရွှေပြည်စိုး(မိုးကုတ်)၊ မောင်ကျော်ဇော (ရှင်မတောင်နံ့သာမြေ)၊ အညာသားဗထူး၊ ရဲမွန်ကျော်၊ မောင်လေပြေ၊   စိန်ဝင်းနွယ်၊ ချယ်ချယ်(YU)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် “လမ်းဖောက်သူ ဖြစ်ပါစေ” စာအုပ်တွင်ပါဝင်သည့် လူငယ်တွေကို အိပ်မက်မက်ခွင့်ပေးကြပါ၊ သူတို့ကောင်းစေချင်လို့ ဆိုတဲ့စကား၊ မြန်မာ့စာနယ်ဇင်းကျင့်ဝတ်၊ ဂျာနယ်ဆောင်းပါးနှင့် မဂ္ဂဇင်းဆောင်းပါး၊ လောကကြီးက ရယ်စရာကောင်းတယ်၊ ကိုယ်ညံ့နေတာ ရှက်တက်စမ်းပါ၊ ကွမ်းဓလေ့ပျောက်အောင် လုပ်ကြစမ်းပါ၊ စကားအသုံးအနှုန်း သတိထား၊ လမ်းဖောက်သူဖြစ်ပါစေ၊ ယဉ်ကျေးခြင်းဆိုတာ၊ ကြည့်သောသူမြင်၏၊ စာရေးကောင်းသူနှင့် စာကောင်းရေးသူ၊ ကိုယ့်တာဝန် ကျေပွန်ပါရဲ့လား စသည့်စာအုပ်ပါအကြောင်းအရာ၊ အချက်အလက်များကို ဖတ်ရှု၍ မိမိတို့၏ ရှုထောင့် အသီးသီးမှ သုံးသပ်ဆွေးနွေးခဲ့ပြီး စာရေးသူ၏ ခံစားမှုရသများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)