ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ တိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိုးရန်နိုင်က ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြတ်လေးက လူငယ်စကားဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းလဲ့နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သီသီဝင်းတို့မှ ညှိနှိုင်းရေးမှူး (Moderator) များအဖြစ်ဆောင်ရွက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသူများကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရစေရန် သုတ၊ ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)