မိုင်းရှူးမြို့၌ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲ ဆောင်ရွက်

မိုင်းရှူး နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်ပညာရေးတို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီက သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က ပူပြင်းခြောက်သွေ့သောရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရာသီဥတုကြောင့်လည်းကောင်း၊ ကူးစက်မီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ လောင်စာဆီမီး၊ ဓာတုပစ္စည်း၊ ဓာတုမီးများကြောင့်လည်းကောင်း၊ ပြည်သူများ၏အိုးအိမ်များ မီးလောင်ဆုံးရှုံးမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက်စသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဆောင်ရွက်မှုတွင် မိုင်းရှူးမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဝင်းဇင်ဖြိုးက မီးအခြေခံသဘောတရား၊ မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်မှုအမျိုးအစားများ၊ အ‌ရေးပေါ်မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုပုံနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများ လက်တွေ့သရုပ်ပြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးပြုစုနည်းများ လက်တွေ့သရုပ်ပြခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကြည်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)