နမ့်စန်မြို့ အ.ထ.က-ခွဲ(မြို့ဦး)ကျောင်းတွင် စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

နမ့်စန်(တ) နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(မြို့ဦး)တွင် ယနေ့နံနက် ၉ နာရီက စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က-ခွဲ(မြို့ဦး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရီမြင့်က ပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စကားရည်လုပြိုင်ပွဲကိုကျင်းပရာ အ.ထ.က-ခွဲ(မြို့ဦး) Grade-10၊ Grade-11၊ Grade-12 မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂)ဦးက ‘အင်တာနက်သုံးစွဲခြင်း၏ ကောင်းကျိုး ဆိုးကျိုး’ နှင့် ‘အမျိုးသမီးများက အမျိုးသားများထက် အနာဂတ်ကိုပို၍ ဦးဆောင်နိုင်သည်’ စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ Grade-6၊ Grade-7၊ Grade-8၊ Grade-9 မှ ကျောင်းသား/ကျောင်းသူ (၁၂)ဦးက ခေါင်းစဉ်(၁၂)ခုကို မဲနှိုက်ရွေးချယ်၍ ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ အ.ထ.က-ခွဲ(မြို့ဦး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရီမြင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦးခန့် ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများကို ကျောင်းစုံညီပွဲတော်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)