ဆီဆိုင်မြို့တွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဆီဆိုင်  နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းဦးက မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းရင်းများ၊ လူသားများနှင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှု မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျှော့ချရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မီးခိုး၊ မြူငွေ့လျှော့ချရေးနှင့် ရာသီဉတုပြောင်းလဲမှုလျော့နည်းစေရေးအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးပြီး ကျောင်းသား၊ ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က ဆီဆိုင်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)