မောက်မယ်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မောက်မယ် နိုဝင်လာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၆ နာရီခွဲက မွေတော်ရပ်ကွက်ရှိ တောင်ကျောင်းတော်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောက်မယ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းမှူး ဒုရဲမှူးသန့်ဇင်က ရပ်ကွက်အတွင်းရှိပြည်သူများ၊ လူငယ်၊ လူရွယ်လေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် သိရှိလိုက်နာရမည့်အချက်များ၊ ဂရုပြုရမည့်လမ်းညွှန်အမှတ်အသားမျာ၊ ယာဉ်မောင်းနေစဉ် အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်၊ နှစ်ဦးထက်ပိုမိုတင် ဆောင်ခြင်းမပြုရေးနှင့်  ပြည်သူသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆောင်ရန်ရှောင်ရန် အချက်များဖြစ်သည့် မော်တော်ဆိုင်ကယ် စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားခြင်းရှိ/မရှိ၊ မေးသိုင်းကြိုးများ တပ်ဆင်ခြင်း ရှိ/မရှိ၊ လမ်း၏ယာဘက်တွင် ကပ်၍မောင်းနှင်ကြရန်၊  မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်ဆင်အသုံးပြုခြင်းကို တရားဝင်ခွင့်ပြုထားခြင်းမရှိ၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးကို ထိခိုက်စေပြီးဆိုးကျိုးနှင့်  အသက်အန္တရာယ်များစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဖြေကြားပေးပြီး အလားတူ မောက်မယ်မြို့နယ်အတွင်း ကျန်ရှိသည့် ရပ်ကွက်များတွင်လည်း အသိပညာပေးဟောပြောပွဲများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)