နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၈

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနည်းကြီးကြပ်သူနှင့် တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအား ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် အားကစားအဖွဲ့များက အသီးသီးမိတ်ဆက်ဂါရဝပြုကြသည်။

ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ရာတွင် အားကစားသမားများအနေဖြင့် ဇွဲ၊ လုံးလ၊ ဝီရိယ၊ အားကြိုးမာန်တက်စိတ်ဓာတ်အပြည့်ဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင့် ပြင်ဆင်ထားကြစေလိုကြောင်း၊ အားကစားနည်းအလိုက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ရေကုန်ရေခမ်း အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး နေပြည်တော်ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင်ရုံမျှမက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင်လည်း စွမ်းစွမ်းတမံကြိုးစား သွားကြစေလိုကြောင်း၊ အားကစားနည်းအလိုက် အောင်မြင်မှုများရရှိပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲဝင်ကုန်ကျစရိတ် ထောက်ပံ့ငွေကျပ် (၄၃၅၄၆၃၀၀၀) ကျပ်တို့ကို နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်တို့ထံ ပေးအပ်သည်။

ယင်းနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် အားကစားအဖွဲ့များက နေပြည်တော်အားကစားအဖွဲ့ အောင်ရမည်ဟု သံပြိုင်ကြွေးကြော်ကြသည်။

ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် အားကစားအဖွဲ့များမှ အားကစားသမားများအာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး  တက်ရောက်လာကြသူများ၊ အားကစားနည်းကြီးကြပ်သူနှင့် တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့်အတူ ဂုဏ်ပြညစာကို အတူတကွသုံးဆောင်ကြသည်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အနေဖြင့် အားကစား နည်း (၂၃) မျိုးကို အားကစားသမားစုစုပေါင်း (၃၄၇) ဦး၊ အဖွဲ့ခေါင်းဆောင် လေးဦး၊ အုပ်ချုပ်သူ/နည်းပြ (၉၆) ဦး၊ ဒိုင် (၃) ဦး၊ စုစုပေါင်း (၄၅၀) ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)