ဥတ္တရသီရိမြို့နယ် ကျွဲရှင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန့်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

ဦးစွာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက်ရောက်ပညာသင်ကြားနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားကာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့်အတူ Grade-11 မှ  မမေလှရီက လူငယ်နှင့်စာပေ၊ Grade-10 မှ မဆုလဘ်ဝေက လူငယ်နှင့်အားကစား၊ Grade-11 မှ မောင်အောင်ကောင်းမြတ်က လူငယ်နှင့် ကျန်းမာရေး၊ Grade-9 မှ မအိမ့်မှူးခင်က လူငယ်နှင့်ယဉ်ကျေးမှု စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးအေးထိုက်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန် ကြိုးစားရန်လိုကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်ပြဘုတ်များပြသခြင်းနှင့် သုတရသ စာအုပ်၊ စာစောင်များ ပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းသို့ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးအေးထိုက်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)