လှည်းကူးမြို့နယ်၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

လှည်းကူး  နိုဝင်ဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊  လှည်းကူးမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြား ချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များတို့က ယမန်နေ့ ညပိုင်းက မီးသတ်ယာဉ်များဖြင့် ရန်ကုန်-ပဲခူးလမ်းတစ်လျောက်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများသို့ သွားရောက်ပြီး လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

 အဆိုပါ မီးဘေးအန္တရာယ်အသိပေး နှိုးဆော်ရာတွင်  မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့်မီးဘေးကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိရေး၊ မီးသုံးစွဲလျှင် အမြဲလူစောင့်ထားရှိပေးရန်၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေး မီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း မီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်း အကြောင်းကြားကြရန် စသည်အချက်တို့အား အသိပညာပေးနှိုးဆော်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)