ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁) ရပ်ကွက် အမြင်သစ်စာကြည့်တိုက်သို့ ယနေ့နံနက်  ၁၀  နာရီအချိန်က မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းနှင့် အဖွဲ့ဝင်များသည် ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာပေဝါသနာရှင်များနှင့် တွေ့ဆုံခဲ့​ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပထမဦးစွာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းက မိတ်ဆက်စကားပြောကြားပြီး ယခင်အမှတ် ( ၁ )ရပ်ကွက်တွင် အမြင်သစ်စာကြည့်တိုက်အမည်ဖြင့် ဖွင့်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုစာကြည့်အား ရှင်သန်ဖွံ့ဖြိုးရေး ဆက်လက်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လိုအပ်သည့် အကူအညီများကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဆက်လက်ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တကွ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စာပေဝါသနာရှင်များအားလုံး စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် မိမိတို့အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်အတွက် စာအုပ်စာစောင်ရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အပတ်စဥ်စာကြည့်တိုက်ဖွင့်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်ကလည်း စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေး ဦးစွာပထမစာပေဝါသနာရှင်များ၊ စာကြည့်တိုက် စိတ်ဝင်စားသူများပါဝင်သော စာကြည့်ကော်မတီများ ဖွဲ့စည်းရန်၊ စာအုပ်စာစောင်ရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာအုပ်များရရှိပါက မိမိဝန်ထမ်းများဖြင့် သုတ၊ ရသများခွဲ၍ စာအုပ်မှတ်တမ်းသွင်းသည့် နည်းစနစ်များအား လာ​ရောက်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စာကြည့်တိုက်အား အမြန်အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာကြည့်အမည်ကိုလည်း ယခင်ဖွင့်လှစ်ခဲ့သော အမြင်သစ်အမည်ဖြင့်ပင် ဖွင့်မည်ဖြစ်ကြောင်း၊ မြေနေရာအခက်အခဲရှိသဖြင့် ရပ်ကွက်ရုံးနှင့်တွဲ၍ စာကြည့်တိုက်ကို ဖွင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၊ ရာအိမ်မှူးဆယ်အိမ်မှူးများနှင့် စာပေဝါသနာရှင်များကလည်း စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမည်ဟု ပြောကြားခဲ့​​ကြကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း(ပြန်/ ဆက်)