တံတား နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ က အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် တံတားမြို့ အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တံတားမြို့အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းက ကျေးဇူးတင်စကားပြောကြားကာ အကဲဖြတ်အမှတ်ပေးခေါင်းဆောင် တံတားမြို့စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ “စာပေမြင့်မှလူမျိုးတင့်မည်” ခေါင်းစဉ်ဖြင့် ပထမဆုကို Grade_10 ကျောင်းသား မောင်အောင်ဘုန်းပြည့်ကျော် မှလည်းကောင်း၊ “ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ခေါင်းစဉ်ဖြင့် ဒုတိယဆုကို Grade_10ကျောင်းသူ မဆုဘုန်းပြည့်မှလည်းကောင်း၊”အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်တတိယဆုကို Grade_ 11ကျောင်းသားမောင်ရာဇာဆက်ပိုင်ညွှန့် မှလည်းကောင်း ဆုများကို အသီးသီးရရှိခဲ့ပြီး ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
တံတား (ပြန်/ဆက်)