ကော့မှူး နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့် ကစာအုပ်စာပေလူမိတ်ဆွေ ဆိုသည်အတိုင်း လူကြီးများမှ တဆင့်လူငယ်များသို့ စာဖတ်ခြင်းကို အချိန်ပေး၍ အလေ့အကျင့်ကောင်းလေးတစ်ခု အနေဖြင့်ပြုလုပ်ပေးသင့်ကြောင်း စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဆရာမဒေါ်မြင့်ရွှေကစာရေးဆရာမ ခင်စောတင့်ရေးသားသည့် ဘဝအသစ်ရဲ့အစများ စာအုပ်ထဲမှ “ခလုတ်တိုက်မိတဲ့အခါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသော်တာဝင်းက “ကြွက်ကလေးပေးတဲ့ သင်ခန်းစာခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်အာကာကျော်က “ပျော်ရွှင်ကြည်နူးခြင်းကို ဖြန့်ဝေပါ "ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် Book Club အဖွဲ့ဝင်ဆရာမ ဒေါ်မြင့်ရွှေကဦးဆောင်ဆွေးနွေးရာတွင် ဘယ်လိုအခြေအနေတွေမှာပဲ ဖြစ်စေ ဘဝမှာကြုံတွေ့ရတဲ့ အရာတွေနဲ့ စိန်ခေါ်မှုတွေကြောင့် ဘဝမှာနေဖို့ မထိုက်တော့ပါဘူးဆိုတဲ့ အထင်ကို မရောက်စေရန်၊ ဘဝရဲ့လှိုင်းဒဏ်တွေ ပြင်းထန်လွန်းတဲ့အတွက် ဘဝကိုအရှုံးပေးသွားတဲ့သူတွေကို ကြုံဖူးကြမှာပါ။ ငွေကြေးချမ်းသာလွန်းတဲ့သူဌေးကြီးတွေ ကုန်းကောက်စရာမရှိအောင် မွဲသွားကြတဲ့အခါမှာ ဆင်းရဲတဲ့ဒဏ်တွေကို မခံနိုင်ကြတော့ဘဲ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြကြောင်း၊ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်လို့ ဘဝမှာကျဆုံးသွားတာတွေလည်း တွေ့ဖူးကြောင်း၊ လူတစ်ယောက်အနေနဲ့ ရှိထားတဲ့စိတ်ဓာတ်အင်အားတွေထက် လူသားတစ်ယောက်ရဲ့ အမှားတွေ၊ လူဘဝရဲ့စိန်ခေါ်တိုက်ခိုက်မှုတွေ၊ လူသားဘဝမှာ တွေ့ကြုံခံစားရတဲ့အဖြစ်တွေက ကြီူမားတယ်လို့ယုံကြည်မိပါကြောင်းနှင့် စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)