ခရမ်းမြို့နယ် အ.မ.က(ပေါက်ပင်) မူလွန် ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲဆောင်ရွက်

ခရမ်း နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.မ.က (ပေါက်ပင်) မူလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကိုလည်း ဖတ်ရှုလေ့လာစေလိုကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအကြောင်း အရာများအားလည်းကောင်း အသိပညာပေး‌ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပါသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် မြို့ပေါ်ရပ်ကွက်ကျောင်းများသို့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကိုကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)