တာချီလိတ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက်ချောင်းတလျှောက် မြန်မာနိုင်ငံဖက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်းများ စတင်ဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းက တာလော့၊ မယ်ခေါင်နှင့် ရန်အောင်မြေရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ ခတ္တ စစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မယ်ဆိုင်-မယ်ဟောက်ချောင်းတလျှောက် မြန်မာနိုင်ငံဖက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်း ပိုင်ရှင်များအား တွေ့ဆုံအသိပေး အကြောင်းကြားကာ စက်ယန္တရားများနှင့် သက်ဆိုင်ရာ အဆောက်အအုံ ပိုင်ရှင်များဖြင့် စတင်ဖယ်ရှားခဲ့သည်။
ယခုနှစ် စံချိန်တင် ရေကြီးမှုကြောင့် မယ်ဆိုင်ချောင်း အောက်ခြေမျက်နှာပြင်မှာ မြင့်တက်ကာ ချောင်းဘေးရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် အဆိုပါ နေအိမ်များ ပြန်လည် ဆောက်လုပ်ခြင်း မပြုလုပ်ပါရန် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် မယ်ဆိုင်-မယ်ဟောက်ချောင်းတလျှောက် ထိုင်းနိုင်ငံဖက်သို့ ကျူးကျော် အဆောက်အအုံ ဆောက်လုပ်ထားရှိမှုနှင့် တာချီလိတ်-မိုင်းဆတ်သွား လမ်းတလျှောက် မယ်ဆိုင်ချောင်းဘေး ကျူးကျော်ဆောက်လုပ်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ အောက်တိုဘာလ (၂၂) ရက်နေ့၊ အောင်မြတ်ခန်းမတွင် နေအိမ်ပိုင်ရှင်များအား တွေ့ဆုံ၍ အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မယ်ဆိုင်-မယ်ဟောက်ချောင်း မှတဆင့် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဖက်မှ ကျူးကျော်ဆောက်လုပ်ထားသည့် RC တထပ်၊ နှစ်ထပ် အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင်ပေါင်း (၈) ခု၊ အဆောက်အအုံ နောက်ဖက်ပိုင်း (၅) ခု၊ အုတ်တံတိုင်းနှင့် အုတ်နံရံ (၁၆) ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း (၄) ခု၊ စုစုပေါင်း (၃၃) ခု ရှိကြောင်းနှင့် ထိုင်းနိုင်ငံဖက်မှ မြန်မာနိုင်ငံဖက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံ (၄၅) ခု ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)