ကျိုင်းတုံ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံခရိုင် အားကစားကွင်းတွင် ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်ဆေက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ နာယက စဝ်ပန်လဲင်းဆိုင်၊ ဦးစိုင်းဆိုင်ခမ်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ရှမ်းရိုးရာ ကိန္နရီ ကိန္နရာ၊ တိုးနယား အကများ၊ တိုင်းရင်းသားပေါင်းစုံ စုပေါင်းဝိုင်ဖွဲ့ အကများဖြင့် ဖျော်ဖြေကြသည်။ ပွဲတော်အတွင်း ရိုးရာတေးသီးချင်းအကများဖြင့် တင်ဆက်ခြင်း၊ ရှမ်းရိုးရာပြခန်းများ၊ ရိုးရာအစားအစားများ/ ရိုးရာအဝတ်အထည်များ ရောင်းချခြင်း၊ ရှမ်းသီးချင်းဆိုပြိုင်ပွဲများပါဝင်ပြီး လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ကာ နိုဝင်ဘာလ (၂၆) ရက်မှ (၃၀) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)