နမ့်စန်မြို့ အ.ထ.က-ခွဲ (မြို့ဦး)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

နမ့်စန်(တ) နိုဝင်ဘာ ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(မြို့ဦး)တွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က-ခွဲ(မြို့ဦး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရီမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အ.ထ.က(မြို့မ) Grade-10 မှ မမိုးမြင့်မြတ်အောင်နှင့် မဝင့်ရွှေရည်ကျော်တို့က ‘စာအုပ်စာပေလူ့မိတ်ဆွေ’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မမိုးမြင့်နိုင်နှင့် မဗန်လဲဒုံမော်လီတို့က ‘စာပေကလူကိုပြုပြင်တယ်’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ မချိုဇင်လင်းနှင့် မအိဝသုန်တို့က ‘လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး’ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အ.ထ.က-ခွဲ(မြို့ဦး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရီမြင့်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ အ.ထ.က-ခွဲ(မြို့ဦး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)