သားဖွားဆရာမများ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဗဟန်း နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသင်းပိုင်သားဖွားခန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် သားဖွားဆရာမများ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သားဖွားဆရာမများစွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ၁၃ ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်များတွင် သင်တန်းသား၊ သင်တန်းသူများအား တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် သံလျင်ပြည်သူ့ဆေးရုံကြီးတို့ကို ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်သူဟိန်း(ပြန်/ဆက်)