ပျဉ်းမနား နိုဝင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က “ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်နှင့်အတူ Grade-11 ကျောင်းသူ မနန်းမေသီရိက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11 ကျောင်းသူ မချောယမင်းက လူငယ်တို့အတွက် အချိန်၏တန်ဖိုး၊ Grade-11 ကျောင်းသူ မသံသာဖြိုးက လူငယ်တို့အတွက် စာဖတ်ခြင်း၏အရေးပါမှု၊ Grade-11 ကျောင်းသား မောင်ကောင်းစံဟိန်းက လူငယ်နှင့်နည်းပညာ၊ Grade-11 ကျောင်းသူ မယွန်းပြည့်ပြည့်အောင်က အချိန်ကိုတန်ဖိုးရှိစွာအသုံးချနည်းစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က မေးမြန်းချက်များအပေါ်ထပ်ဆင့်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက ယခုကဲ့သို့ လူငယ်များအား အသိပညာဗဟုသုများ တိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များပြသခြင်းနှင့် စာအုပ်စာစောင်များပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)