ဒလ နိုဝင်ဘာလ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ(၂၃)ရက် နေ့တွင် ပြဌာန်းခဲ့သည်။ အဆိုပါဥပဒေအရ ကလေးသူငယ်၏ အသက်ကို အသက်(၁၈)နှစ်အောက် အထိတိုးမြှင့်ခဲ့ပြီး နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးသူငယ်အမျိုးအစား(၁၆)မျိုး အထိတိုးမြှင့်ခဲ့သည်။ ကလေးသူငယ်တိုင်း၏ အခွင့်အရေး(၄)ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို အပြည့်အဝရရှိစေရေးနှင့် ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခံရခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လွဲမှားစွာ ပြုကျင့်ခြင်း၊ လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေးနှင့် ကလေးသူငယ်မှုခင်းများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က ဒလမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ဖြစ်ရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
အေးမြမိုး (ပြန်/ဆက်)