ချောင်းသာ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ရုံးပိတ်ရက်ကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားပြီး နိုဝင်ဘာ ၂၅ နေ့က ချောင်းသာကမ်းခြေတစ်လျှောက်တွင် အပမ်းဖြေသူ၊ ရေကူးသူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။
“ဒီကာလက အရင်ထက်စာရင် စျေးပိုရောင်းရတယ်လို့ ပြောလို့ရပါတယ်၊ မိုးကလည်းကုန် ဆောင်းကလည်းအဝင်ဆိုတော့ ခရီးသွားဧည့်သည် တေသွားလာလို့ကောင်းတဲ့အချိန်၊ အစိုးရအလုပ် ပိတ်ရက်လည်းဖြစ်တော့ အစိုးရ၊ စက်ရုံ၊ အလုပ်ရုံက လူပေါင်းစုံလာကြတော့ ကမ်းခြေမှာစည်ကားပြီး ကျွန်တော်တို့စျေးရောင်းလို့ကောင်းတော့ ဝမ်းသာရတာပေါ့ဗျာ” ဟု ကမ်းခြေတွင် စျေးရောင်းသူကိုဆန်းမင်းကပြောသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာအနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်းသာယာလှပရန်၊ ကမ်းခြေတွင် စျေးရောင်းချသည့်စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ဦးဆောင်ပြီး ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့များက နေ့စဥ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)