ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၀)ရပ်ကွက်၊ အောင်သပြေ(၂)လမ်း၊ ပါရမီသီလရှင်စာသင်တိုက် ပဓာနနာယက သီလရှင်ဆရာကြီး ဒေါ်ဂုဏစာရီအား “သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ဆပ်ကပ်လှူဒါန်းခြင်း ဂုဏပူဇာမင်္ဂလာအခမ်းအနားအား နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်မြတ်များနှင့် ပရိတ်သတ်များက နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဆရာကြီးဒေါ်ယုဇနသိင်္ဂီဦးဆောင်သော ဆရာကြီး၊ ဆရာလေးအပေါင်းတို့က ရှစ်လုံးဘွဲ့ကဗျာဖြင့် ဂုဏ်ပြုပူဇော်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ဌာနဆိုင်ရာထာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင် မိသားစုဝင်များ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က ရာဇဂြိုလ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဝဏ္ဏိတထံမှ (၈)ပါးသီလခံယူခြင်း၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပဏ္ဍိတာရာမဆရာတော်ကြီးထံမှ ဩဝါဒကထာနာယူခြင်းနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ် ချီးမြှင့်တော်မူခဲ့သည်။
ဆက်လက်၍ ဘွဲ့တံဆိပ်တော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးသူကလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးမှ ဆပ်ကပ်လှူဒါန်းအပ်သောဘွဲ့ရဓာတ်ပုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူရွှေကလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးမှ ဆပ်ကပ်လှူဒါန်းအပ်သော ဘွဲ့တံဆိပ်သေတ္တာနှင့် အဆောင်အယောင် ယပ်တောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်မိုးကြည်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ပေးပို့အပ်သော ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာအား မြို့နယ်သာသနာရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးအေးကျော်ကလည်းကောင်း အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဂုဏပူဇာမင်္ဂလာအခမ်းအနားအား အစီအစဉ်(၁၆)ရပ်ဖြင့်ကျင်းပခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အောင်သုခပရိယတ္တိ စာသင်တိုက်ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေမှုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)