မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

မြောက်ဥက္ကလာပ နို၀င်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၆)အခြေခံပညာအလယ်တန်း ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းရှိ မြတ်သပြေခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်လင်းက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြ၀င်းက မိမိတို့ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်‌တင်နိုင်‌ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေခြင်းနှင့် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ တိုးပွားလာစေခြင်းအကျိုးကျေးဇူးများ ရရှိစေခြင်း၊ တိုးတက်သောနိုင်ငံများမှ ပြည်သူများသည် စာအုပ်စာပေများကို နေ့စဉ်‌ဖတ်ရှုလေ့‌လာကြပါကြောင်း စသည့်တို့ကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က လူငယ်နှင့်အမျိုးသားရေးတာ၀န်အကြောင်း အသိပညာဗဟုသုတများအား အကျယ်တ၀င့် ရှင်းလင်းပြောကြား‌ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းသော စာအုပ်များအား မြို့နယ်ဦးစီးမှူးနှင့် တာ၀န်ရှိသူများက လှူဒါန်းပေးအပ်ရာ‌ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ် အသိပညာပေး ဗီနိုင်းပိုစတာများ၊ သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)