နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား ကျင်းပ

နမ့်စန်() နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အသက်(၁၆)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ.ထ.က-ခွဲ(မြို့ဦး)ဘောလုံးအသင်းနှင့် အ.ထ.က-ခွဲ(လွိုင်ငင်းကြီး) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ(လွိုင်ငင်းကြီး)ဘောလုံး အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ.ထ.က-ခွဲ(၅ရပ်ကွက်) ဘောလုံးအသင်းနှင့် အ.ထ.က(နမ့်စန်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က(နမ့်စန်) အသင်းက ပင်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပခဲ့ရာ နေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမားများနှင့်ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသော အ.ထ.က-ခွဲ(၅ရပ်ကွက်) အသင်း၊ ဒုတိယဆုရရှိသော အ.ထ.က-ခွဲ(မြို့ဦး)အသင်း ၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အ.ထ.က(ခိုလန်)အသင်းနှင့် ဒုတိယဆုရရှိသော အ.ထ.က-ခွဲ(၅ရပ်ကွက်) ဘောလုံးအသင်းတို့ကို နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အ.ထ.က-ခွဲ(လွိုင်ငင်းကြီး) ဘောလုံးအသင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ (၃)သိန်းကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အ.ထ.က(နမ့်စန်) ဘောလုံးအသင်းကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ(၅)သိန်းကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)