နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တောင်ယာစပါးစတင်ရိတ်သိမ်း

နောင်တရား နိုဝင်ဘာလ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တောင်ယာစပါးစတင်ရိပ်သိမ်းလျက်ရှိသည်။ “ယခုနှစ် နောင်တရားမြို့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ယခင်နှစ်တွေထက်နှိုင်းယှဉ်ရင် တောင်ယာစပါး စိုက်ပျိုးတဲ့ဧကပိုများတယ် တစ်ရွာမှာအနည်းဆုံးဧက (၂၀)ကျော်အထက်ရှိလာတယ် ယခင်ကဆန်တွေကို ဝယ်စားကြတယ် ယခုနှစ်တော့ အိမ်အသုံးစရိတ်တွေလျော့ချချင်လို့ စပါးစိုက်ကြတယ် အချို့တောင်သူတွေက စိုက်ပျိုးမြေတွေပျက်စီးလာလို့ သီးလှည့်စိုက်ပျိုးကြပါတယ် တောင်ယာစပါးမျိုးကို စိုက်ပျိုးရေးဌာနကနေဝယ်ယူပြီး စိုက်ပျိုးကြတယ်အချို့ကြတော့ ဒေသဆန်နီ(ရှမ်းဆန်)တွေကို စိုက်ပျိုးကြပါတယ်” ဟု နောင်ယဉ်ကျေးရွာမှ စပါးစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

ဒေသဆန်နီစိုက်ပျိုးရာတွင် စိုက်ပျိုးရေးသွင်းအားစုပေါ်မူတည်၍ တစ်ဧကလျှင် တင်း ၃၀ မှ ၆၀ အထိရရှိကြသည်။ တောင်ယာစပါးစိုက်ပျိုးသည့် တောင်သူများက စပါးအထွက်နှုန်းမြင့်မားသည့် တောင်ယာစပါးမျိုးကောင်းမျိုးသန့် ရွေးချက်စိုက်ပျိုးနိုင်ရေးအတွက် မျှော်လင့်နေကြသည်။ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ယခင်နှစ်များထက် တောင်ယာစပါးစိုက်ပျိုးရေးဧက ၅၀၀ ကျော် တိုးချဲ့စိုက်ပျိုးကြမည်ဟု ခန့်မှန်းကြောင်း အဆိုပါတောင်ယာ စပါးစိုက်ပျိုးသည့် တောင်သူက ခန့်မှန်းပြောဆိုထားသည်။

ခွန်အောင်(နောင်တရား)