ဇမ္ဗူသီရိ နိုဝင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့ရာဦးစွာ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဆောင်ရွက်ပြီး Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ကောင်းခန့် (Grade-10)က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်စွမ်းထက်ဇော် (Grade-10) က လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ မခွာညိုလှိုင် (Grade-11) က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်အောင်ဘုန်းပြည့်(Grade-10)က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ မချစ်နှင်းဇော်(Grade-11)က လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)