တပ်ကုန်း နိုဝင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရွေးစုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မောင်ကျော်ဇင်လင်း(Grade-10)၊ မလှနှင်းနွယ်(Grade-11)၊ မလင်းလဲ့ဟန်(Grade-9)၊ မသင်းရနံ့ဝေ(Grade-9)တို့က “လူငယ်နှင့်စာပေ၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ (တာဝန်ခံ)ကျောင်းအုပ်ဆရာမကြီးတို့က ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများ၊ မေးခွန်းများမေးမြန်းကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်