မြန်မာ- ဗီယက်နမ် ကုန်စည်ပြပွဲ(၂၀၂၄)  ဖွင့်ပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာပြပွဲခန်းမ၌ မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၄ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ( ၂၆) ရက်မှ (၂၈)ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲဖွင့်ပွဲ အခမ်းအနားကို နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာပြပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဗီယက်နမ်သံရုံးမှစီးပွားရေးသံမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပြပွဲဖြစ်မြောက်ရေး ပါဝင်ကူညီပံ့ပိုးပေးကြသော မြန်မာဗီယက်နမ် ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ ပဲ၊ ပြောင်းနှမ်းကုန်သည်အသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်ရောင်းချသူများအသင်းနှင့် အခြားအသင်းအဖွဲ့များ၊ sponsor အဖြစ် ကူညီပံ့ပိုးသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ၊ UAB ဘဏ် ၊Mytel ၊ အောင်ဘာလေနှင့် မြန်မာနိုင်ငံခရီးသွားဘဏ်တို့မှ တာဝန်ရှိသူများနှင့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြသည်။

ပြပွဲတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများကို ပြခန်းပေါင်း (၁၂၀)ခန့်ဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း (၉၇)ကို ပြသခဲ့ကြောင်း သိရှိရပြီး လူသုံးကုန်၊ စားသောက်ကုန်၊ စက်မှုနှင့်အိမ်သုံးမီးအားမြှင့်စက်များ၊ ကြွေထည်နှင့်မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး၊ ဖိနပ်၊ အိုင်တီနည်းပညာနှင့် လယ်ယာထွက်ကုန်ပစ္စည်းအပြင် ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ လက်မှုအနုပညာပစ္စည်းများ၊ မြန်မာအမျိုးသမီးများ စီးပွါးရေးကွန်ယက် မှ MSME လုပ်ငန်းများမှ ထုတ်ကုန်အမယ်သစ်များ ပါဝင်ပြသကြောင်း သိရသည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးစီးပွါးရေးဌာနတို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)