ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ

တာမွေ နိုဝင်ဘာ ၂

၂၀၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ရရှိခဲ့သော တံခွန်စိုက်ဆုဖလားများအပ်နှံခြင်း ၊ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ဖျော်ဖြေရေးအဖွဲ့များက “အနှိုင်းမဲ့သောရန်ကုန်" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသခဲ့သည်။ ဆက်လက်၍ ၂ဝ၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိမှု မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများတွင် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုရများ ရရှိခဲ့ကြသော တိုက်ကွမ်ဒိုအားကစားအဖွဲ့ရေကူးအားကစားအဖွဲ့၊ ဖူဆယ်အားကစားအဖွဲ့နှင့် ဂျူဒိုအားကစားအဖွဲ့စသည့် အောင်ပွဲရအားကစားအဖွဲ့များမှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တံခွန်စိုက်ဆုဖလားများ လွှဲပြောင်းအပ်နှံခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကားနှင့် ဩဝါဒစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား တင်ပြခဲ့သည်။ ဆက်လက်ပြီး တိုက်ကွမ်ဒိုပြိုင်ပွဲရေကူးပြိုင်ပွဲဖူဆယ်ပြိုင်ပွဲဂျူဒိုပြိုင်ပွဲဘော်လီဘောပြိုင်ပွဲပိုက်ကျော်ခြင်းပြိုင်ပွဲဘောလုံး ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတို့တွင် ဆုရအားကစားအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက  ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ၂၀၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့ ခေါင်းဆောင်အား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရိုးရာခြင်းလုံး ဆပ်ကော်မတီမှ မြန်မာ့ရိုးရာအမွေအနှစ် “ယောင်ကြီးဗွေ” ဖြင့် အလှခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေး အဖွဲ့များက “အားကစားရဲ့ မာန်ဟုန်လှိုင်း ဒို့ရန်ကုန်တိုင်း" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်

၂၀၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားနည်း (၂၄)နည်းဖြင့် ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၆၇) ဦး၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များအင်အား (၁၅၃)ဦး၊ စုစုပေါင်းအင်အား (၆၂၀)ဦးတို့ သွားရောက်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲဝင် အားကစားသမားများမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ထူးချွန်ဆုရ လက်ရွေးစင်အားကစားသမားများဖြစ်ပြီး ၎င်းတို့အား ၂၀၂၄-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၁)ရက်နေ့အထိ တစ်လကြာစခန်းသွင်း လေ့ကျင့်သင်ကြားပေးထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)