ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားအား အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/သူများအား မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)