နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု “သုခရတနာ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရာက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ “သုခရတနာ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊  ဦးမြင့်စိုးနှင့် ဦးမင်းဦး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်တို့က “သုခရတနာ” စာကြည့်တိုက်အဆောက်အဦအသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပန်းပွားအကဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု‌ငွေများ ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်အတွင်း ပခုက္ကူစာပေတစ်သက်တာဆုရ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)နှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုဆွေးနွေနေမှု၊ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာ ရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက် မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ယခုလို ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန် မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ကျည်တောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထံ လွှဲပြောင်းပေးအပ်ပြီး ပခုက္ကူစာပေတစ်သက်တာဆုရ စာရေးဆရာမကြီး တင်ရီမ (ညောင်ဦး)၊ မေချို (ပျဉ်းမနား)၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးလင်းထွဋ်နှင့် လူမှုရေးအသင်းအဖွဲများ၊ အလှူရှင်များက စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ  စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်က လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ကျည်တောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ပင်လောင်းလမ်းဘေး အေးမြင့်သာယာကွင်း ကွင်းအမှတ် ၁၆၂၄ ကွင်းတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ  ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများဖြင့် မြေပြုပြင်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ပင်လောင်းလမ်းဘေး ပန်းအလှပင်များစိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ဘဲကုန်းကျေးရွာ ကွင်းအမှတ် ၁၆၂၃ (က) ကွင်းတွင် စက်ရေတွင်းအမှတ် (၅) မှ Solar System & Rain Gun System စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းဘေးရှိ အိုမားအသင့်စားခေါက်ဆွဲခြောက် ထုတ်လုပ်ခြင်းလုပ်ငန်းတွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်အတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)